လက်ချောင်းလေးတွေ ကွေးလိုက် ဆန့်လိုက်တိုင်း ဘာလို့ နာကျင်တာလဲ
နေ့တဓူဝ ကိစ္စတွေ နဲ့ တစ်ကိုယ်ရေ တစ်ကာယ ကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ ဆိုရင်လက်ချောင်းလေးတွေက မရှိမဖြစ်ပါဘဲ။ လက်ချောင်းလေးတွေ ကျန်းမာသန်စွမ်းပြီး ကွေးလို့ ဆန့်လို့ လွယ်မှပဲ အလုပ်လုပ်ရတာလည်း ခရီးတွင်မှာပါ။ ဒါပေမယ့် တခါတလေ လက်ချောင်းလေးတွေ ကွေးဆန့်တိုင်း နာကျင်တာတွေ ဖြစ်ဖူးကြမှာပါ။ ဒါကို ဆေးပညာမှာတော့ Trigger Finger လို့ ခေါ်ကြပါတယ်။
ဘာကြောင့် လက်ချောင်းလေးတွေ နာကျင်ရတာလဲ?
အဓိကကတော့ လက်ချောင်းမှာ ရှိတဲ့ အရွတ်ကြောတွေ ရောင်ရမ်းတာ၊အဆစ်ရောင်တာ၊ ထိခိုက်ဒဏ်ရာ ရတာ၊ အားကစား လုပ်ရင်း မတော်တဆ ထိခိုက်မိတာ၊ လှုပ်ရှားရလွန်းလို့ ဒဏ်ပိတာတွေ ကြောင့် ဖြစ်တတ်ပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
လက်ချောင်းလေးတွေ နာကျင်မှု အဖြစ်များဆုံး သူတွေကတော့ လက်ချောင်းလေးတွေကို အားပြုပြီး အလုပ်လုပ်ရသူတွေ၊ လက်ချောင်းလေးတွေနဲ့ တစ်နေကုန် စာစီစာရိုက် လုပ်ရသူတွေမှာ ဒဏ်ပိစေပြီး နာကျင်မှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် တချို့သော ရောဂါတွေ ဖြစ်တဲ့ ဆီးချို ရောဂါ အခံ ရှိသူတွေ၊ လေးဘက်နာ ရောဂါအခံ ရှိသူတွေမှာလည်း လက်ဆစ်တွေ နာကျင်တတ်ပါတယ်။
ဒီလို လက်ချောင်းလေးတွေ နာကျင်တာကို သက်သာစေမယ့် နည်းလမ်းတွေကတော့
- အနားယူပါ
ကုသမှု ခံယူနေပေမယ့်လည်း လက်ကို အနားမပေးဘူး ဆိုရင် သက်သာမှု မရှိနိုင်တဲ့အတွက် အနားပေးဖို့ လိုပါတယ်။
- ရေနွေးအိတ်၊ ရေခဲကပ်ပေးပါ
ရေနွေးအိတ် ကပ်ပေးခြင်းက နာကျင်တာကို သက်သာစေပြီး ရောင်ရမ်းတာတွေ သက်သာစေဖို့ အတွက် ရေခဲကပ်ပေးသင့်ပါတယ်။
ဒါ့အပြင် နာကျင်တာ သက်သာဖို့ အတွက် အကိုက်အခဲပျောက်ဆေးတွေသောက်တာ အနာသက်သာစေတဲ့ လိမ်းဆေးတွေကိုလည်း သုံးစွဲနိုင်ပါတယ်။ လက်ချောင်းလေးတွေဟာ အလွယ်တကူ ထိခိုက်လွယ်တာကြောင့် နေ့စဉ်ဘဝမှာ လက်ချောင်းလေးတွေ ဒဏ်ဖြစ်စေတဲ့ အခြေအနေတွေကို သတိထားဖို့ အရေးကြီးကြောင်း မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)